လေ့ကျင့်ခန်းကို မနက်ပိုင်းမှာ လုပ်သင့်လား၊ ညနေမှပဲလုပ်သင့်လား
ပုံမှန်အားဖြင့် လေ့ကျင့်ခန်းလုပ်ဖို့ အချိန်နဲ့ပတ်သက်ပြီး ထူးထူးခြားခြား Rules သတ်မှတ်ထားတာမျိုး မရှိတဲ့အတွက် ကိုယ်နဲ့သင့်တော်တဲ့အချိန်မှာပဲ ရွေးဆော့ဖြစ်ကြပါတယ်။ တချို့တွေကလည်း မနက်ပိုင်းမှာပဲ လေ့ကျင့်ခန်းလုပ်တတ်ကြသလို တချို့ကျတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ညနေပိုင်းကိုပဲ ရွေးချယ်တတ်ကြပါတယ်။
မနက်ပိုင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်…?
များသောအားဖြင့် လူကြီးပိုင်းတွေ၊ မနက်စောထတတ်သူတွေ၊ ပိတ်ရက်တွေမှာ မနက်ပိုင်း လေ့ကျင့်ခန်းလုပ်ကြတာ ပိုများပါတယ်။ မနက်အစော လေ့ကျင့်ခန်းလုပ်ခြင်းဟာ
- စိတ်ကို လန်းဆန်းတက်ကြွစေတယ်
- ခန္ဓာကိုယ်ထဲက စတင်နိုးထလာပြီဖြစ်တဲ့ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းကောင်းအလုပ်လုပ်ဖို့ လှုံ့ဆော်ပေးတယ်
- တစ်နေ့တာအတွက် လိုအပ်တဲ့ အားအင်တွေကို ဖြည့်တင်းပေးနိုင်တယ်
- တွေးခေါ်မှုအပိုင်း၊ တီထွင်ဖန်တီးမှုအပိုင်း ပိုအားကောင်းလာစေတယ်
- အစာစားချင်စိတ်ကို ဖြစ်စေပြီး အစာကောင်းကောင်း စားနိုင်အောင် ကူညီပေးတယ်
- ရှေ့ရက်မှာစားလိုက်တဲ့ အစားအစာကို ချေဖျက်ပေးပြီး ဝမ်းမှန်စေတယ်
- တစ်နေ့တာအတွက် ကယ်လိုရီတွေကို ပိုမိုလောင်ကျွမ်းစေတယ်
ဒီတော့ အလွယ်ပြောရမယ်ဆိုရင် ဝိတ်ချချင်သူတွေ၊ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်သူတွေအနေနဲ့ မနက်ပိုင်းကို ရွေးချယ်တာ ပိုကောင်းပါတယ်။ တစ်နေကုန် ကိုယ်ကာယကို အသုံးပြုပြီး အလုပ်လုပ်နေသူတွေအတွက်တော့ ညနေပိုင်း လေ့ကျင့်ခန်းလုပ်ခြင်းဟာ သိပ်ပြီးမသင့်တော်ပါဘူး။
သတိထားဖို့အနေနဲ့
၁။ နောက်နေ့မနက် လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဒီနေ့ညကို အိပ်ချိန်ပြည့်အောင် စောစောအိပ်စက်အနားယူရမယ်။
၂။ အစာမစားခင် လေ့ကျင့်ခန်းလုပ်ရမှာဖြစ်ပြီး အစာစားပြီးပြီးချင်း ကယ်လိုရီပိုလောင်သွားအောင်လို့ အချိန်ခဏပဲခြားပြီး မနက်စာစားသင့်တယ်။
၃။ လေ့ကျင့်ခန်းမလုပ်ခင်မှာ တောင့်တင်းနေတဲ့ အကြောတွေကို သေချာလျှော့ပေးသင့်ပါတယ်။
၄။ လေ့ကျင့်ခန်းလုပ်နေတုန်း လန်းလန်းဆန်းဆန်းဖြစ်အောင် ကဖင်းဓာတ်၊ ဂက်စ်ပါတဲ့ ဖျော်ရည်တွေ အနည်းငယ်သောက်ပေးနိုင်ပါတယ်။
ညနေပိုင်း လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်…?
လူငယ်တွေ၊ ကျန်းမာရေးထက်စာရင် ခန္ဓာကိုယ်အလှအပကို လေ့ကျင့်ချင်သူတွေ အထူးသဖြင့် ယောက်ျားလေးတွေ အများဆုံး ရွေးချယ်တတ်ကြတဲ့ လေ့ကျင့်ခန်းလုပ်ချိန်ပါပဲ။ ညနေပိုင်းမှာ လေ့ကျင့်ခန်းလုပ်ပေးတဲ့အခါ
- တစ်နေ့တာလုံး ကြွက်သားနဲ့ အရိုးအဆစ်တွေကို အသုံးပြုထားလို့ ပြေလျော့နေတဲ့အတွက် လေ့ကျင့်ခန်းလုပ်ရတာ ပိုလွယ်ပါတယ်
- အစာများများစားထားလို့ လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်ပိုစိုက်ထုတ်နိုင်တယ်
- ညနေပိုင်းအချိန်ဟာ ကြွက်သားထုတည်ဆောက်ဖို့ အကောင်းဆုံးအချိန်ဖြစ်သလို ကိုယ်ဆော့လိုက်တဲ့ လေ့ကျင့်ခန်းကနေ Effect အပြည့်အဝ ရနိုင်ပါတယ်။
- လေ့ကျင့်ခန်းလုပ်ပြီးတာနဲ့ အိမ်ပြန်ပြီး ညစာစား၊ အနားတန်းယူရုံပါပဲ
သတိထားရမှာကတော့
၁။ အိပ်ချိန်နဲ့ လေ့ကျင့်ခန်းလုပ်တဲ့အချိန်က အနည်းဆုံး (၃) နာရီလောက် ခြားပေးဖို့ လိုအပ်ပါတယ်။
၂။ လူများတဲ့အချိန်ဖြစ်တာကြောင့် Gym မှာ လူရှုပ်နိုင်သလို မနက်ပိုင်းထက်လည်း အချိန်ပိုကြာနိုင်ပါတယ်။
၃။ ကိုယ်တစ်နေ့တာမှာ လုပ်လိုက်တဲ့ Activity ပေါ် မူတည်ပြီး လေ့ကျင့်ခန်းလုပ်မယ့်အချိန်မှာ ပင်ပန်းနုန်းချိနေနိုင်ပါတယ်။
၄။ နေ့လယ်စာစားချိန်နဲ့ လေ့ကျင့်ခန်းလုပ်ချိန်ဟာ အနည်းဆုံး (၂) နာရီလောက်တော့ ခြားဖို့ လိုအပ်ပါတယ်။
Body Structure ကို အမိုက်စားဆော့အောင် ဆော့ချင်သူတွေဆိုရင် ညနေပိုင်းကို ရွေးဆော့တာ ပိုကောင်းပါတယ်ခင်ဗျာ။ အချုပ်အားဖြင့် ပြောရမယ်ဆိုရင် အချိန်က လေ့ကျင့်ခန်းလုပ်မှုအပေါ် သက်ရောက်မှုအရမ်းမရှိတာကြောင့် အရမ်းကြီး စိတ်ထဲထည့်ဖို့မလိုဘဲ ကိုယ်နဲ့အဆင်ပြေမယ့်အချိန်ကို ရွေးချယ်နိုင်ပါတယ်။
ရဲမျိုးမြတ်